Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts
Wednesday, June 1, 2016
ဒဂုန်တာရာ ကဗျာများ
မတ်လတော်လှန်ရေး
မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက် ၊ မျဉ်းဖြူစက်ရ်ျ
ကွဲအက်ကြောင်းရာ ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ် ၊ပတမြားရည်
စီးလည်အဟုန် ၊နီ မြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး ။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်ရ်ျ
စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာ လက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။
အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက် ၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော ၊ သင်ပေါင်းတောဧ။်
နောက်ကျောစေးပျစ် ၊ သောင်ရေစစ်မှ
ဖက်စစ်ကင်းစောင့် စစ်စခန်း ။
ချောင်းကိုကွေ့သော် ၊
တွေ့လျှင်တွေ့ချင်း ၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ ၊ နီးရ်ျ လာလျှင်
အသာရုတ်ချင်း ၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန် ၊ သေနတ်သံသည်
မြစ်ယံပဲ့တင် ထပ်သတည်း ။
ငွေလရောင်လျှင်
အမှောင်ညရိပ် ၊ သေးသေးစိတ်သား
မိုးထိပ် တိမ်မော် ၊ငြိမ့်ငြိမ့်ပေါ်သည်
သော်တာပြုံးလဲ့ ၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့် ညဥ့်ခါ ၊ ထိန်ထိန်သာသော်
ကျယ်စွာ ၀န်းလျား ၊ လယ်ကွင်းနားမှ
တောဖျား ညို့အုပ် ၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း ၊ တွဲတွဲဆိုင်းရ်ျ
ဖြူဝိုင်းစက်စက် ၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင် ၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိပ်ကာ ။
ရွာတစ်ရွာကား ၊
မှိုင်းပြာမဲညို့ ၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့် ၊ ပရမ်းပတာ
ထွက်ပြေးရရှာ ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀ ၊ မီးလောင်မြေမှာ
ွနွမ်းခွေပျောင်းယဲ့ ၊ ညင်းလေဖွဲ့က
သဲ့သဲ့ ခွေးဟောင်သံ တကား ။
ခရေပွင့်လျှင် ၊
ကြွေရင့်ဝါ၀ါ ၊မြေထက်မှာလျှင်
ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး ၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်၇ွက်ကြွေ။
ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ် ၊ ဘ၀သစ်သို့
သနစ်ပြောင်းမည် ၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့် ။
ဒဂုန်တာရာ(၁၉၄၇ခုနှစ်)
Credit - ခေတ်ကျန်ကဗျာများဆိုဒ်မှ ကူးယူမျှဝေပါသည်
ဒဂုန်တာရာ ကဗျာများ
သီချင်းရှင်....... 
တရွက်ကြွေ တရွက်လဲပြန်ပေါ့
ရောင်မွဲ ရွှေရည်ဥကာမှ
စိမ်းနုတွင် စိုစိုသစ်ပါကလား
စိတ်ညစ် အကုန်ပယ်၍
သီတော့မယ်နွေအစောမှာ
ရွှေဥသြ ချိုတေးသံ။
ရွှေဂူမှာ ငွေတူမွမ်းတဲ့ပြင်
စိမ့်စမ်းကြည် ရေကတွက်ရယ်နဲ့
လွမ်းဆွတ်ဘွယ်သည်ဂနိုင်ပ
လှမြိုင်မြိုင် သာဟာစမ်းကိုဖြင့်
ပြိုးပြွမ်းကာ အာရုံဝင်မှ
နွဲ့ရွင်ရွင် ဘိုးခေါင်ညဉ်းတယ်
သီချင်းကြီး သီချင်းခံ။
သည်ဘိုးခေါင် သည်ဥသြရယ်က
အပြောချိုသံလွင်ဟု
ကဗျာရှင် စာယဉ်ဖွဲ့ရှာကြ
နွဲ့ရရဲ့ နုသဟန်
တေးသံရင့်သီကုံး။
မောင်ဒါရှု
အသက် ချစ်ရည်တူနဲ့
လိုဏ်ဂူမှာပြိုင်တူပန်တဲ့
မေ့အသံညက်ညက်အေးကိုမှ
တေးအမှန်သီချင်းစစ်ပေဘဲ
အချစ်စေတနာက
သာယာအောင် ချော့မြူဆောင်တော့
ဘိုးခေါင်ဟာ ဘယ်လိုပြောသော်လည်း
ဥသြ ရင့်တကြူထက်
ခင်နွဲ့မူ အသံကြားခါမှ
မောင့်နားမှာ လဲ့လဲ့ရွှန်းတယ်
ကွန်းလွတ်ခေါင်ဆုံး။
ဒဂုန်တာရာ 
ဒဂုန်မဂ္ဂဇင်း ၊၁၉၃၈
Credit - ခေတ်ကျန်ကဗျာများဆိုဒ်မှ ကူးယူမျှဝေပါသည်
ဒဂုန်တာရာ ကဗျာများ
တမိုးရေထဲလမ်းလျှောက်ခြင်း ……
မိုးရေထဲဘဲ
မသဲမကွဲ၊သို့သော်ရဲရဲ
မခွဲနိုင်ဘူး၊ သွားကြဦးစို့
ပြေးလူးတဘက်၊ညွက်ကွေးပက်၍
လက်လက်လွန့်လိပ်၊ပုလဲမြိတ်တို့
ရိပ်ရိပ်ပြေးလိုက်၊ဝေ့တိုးရိုက်သည်
မှောင်မိုက်ထဲမှ ၀ိုးတ၀ါး။
အမှောင်ထက်မှ
လက်ကနဲရှက်၊လျှပ်တပြက်မှာ
သစ်ခက်ရှုံ့,ထစ်၊ကုက္ကိုမြစ်မူ
အဆစ်ခေါင်းပြတ်၊ဒေါင့်မှာညပ်သည်
တွယ်ကပ်မျောညိ၊မြင်မိမိကား
ရေညှိမှိုပွင့်ကလေးပင်။
တိုက်ကြိုတိုက်ကြား
မနားခိုဘူး၊ခြေဦးတည့်ရာ
ရေမှာဒလဟော၊မျောသွားပစေ
မိုးရေလှိုင်းကြား၊ကွဲမသွားအောင်
အပါးတိုးဖက်၊မိုးပက်သည့်ထဲ
မြဲမြဲလက်ကို ကိုင်ထားငဲ့။
လမ်းဆုံးမှာသာ
ရှိုက်ကာစိုးရွံ့၊ပခုံးတွန့်မိ
မြူးကွန့်လျှပ်ပြက်၊မှောင်တ၀က်မှာ
ဟိုဘက်ကမ်းပါး၊ရောက်သွားပစေ
မိုးသက်လေပက်၊အေးစက်စက်မှာ
မောင့်လက်နွှေးက၊နွေးလိမ့်မည်။
ဒဂုန်တာရာ
တာရာမဂ္ဂဇင်း၊၁၉၄၉
Credit - ခေတ်ကျန်ကဗျာများဆိုဒ်မှ ကူးယူမျှဝေပါသည်
ရှင်မဟာသီလ၀ံသ(ပါရမီခန်းပျို့)များ
ကာလရှည်လျား
ကာလရှည်လျား၊ 
လူ့ငနွားတို့၊ 
ကြီးမားယုတ်မာ၊ 
နတ်မိစ္ဆာကို၊ 
ဘိုးလာဘွားဘက်၊ 
မြေးသားဆက်၍၊ 
မပျက်ခုတိုင်၊ 
နတ်ခရိုင်နှင့်၊
ပန်းခိုင်ရေအိုး၊ 
ဆယ်စုံဖြိုး၍၊ 
မြတ်နိုးနှစ်သက်၊ 
အနက်အနီ၊ 
အတီခေါင်းပေါင်း၊ 
တင်အုပ်ဆောင်းနှင့်၊ 
အပေါင်းစုံဝေး၊ 
အမွှေးအကြိုင်၊ 
မုံ့ဆိုင်မုံ့ခဲ၊ 
ကြက်ဝက်လဲ၍၊ 
ပုံနှဲခရာ၊ 
တီးမှုတ်ကာနှင့်၊ 
ချမ်းသာဆင်းရဲ၊ 
ပေးစမြဲဟု၊ 
စိတ်ထဲထင်မှတ်၊ 
ငနတ်တို့ကို၊ 
မပြတ်ကိုးကွယ်၊ 
အန္တရာယ်လည်း၊ 
ကိုယ်ဝယ်လွတ်ကင်း၊ 
မရှိမလျှင်း၊ 
ဆောင်နှင်းမင်္ဂလာ၊ 
လှူဒါပုည၊
ပြုကာလလည်း၊ 
မိဘရှေ့မှတ်၊ 
ငါတို့နတ်ကို၊ 
ပေးအပ်အပ်လျှင်၊ 
ပွဲလမ်းပြင်၍၊ 
အရှင်မှတ်မှတ်၊ 
ကိုယ်ဝယ်ကြပ်လျက်၊ 
မပြတ်ထင်ရှား၊ 
မမေ့မှားဟု၊ 
ဆုများရွယ်ရွယ်၊ 
ရှက်စဘွယ်နှင့်၊ 
ဘယ်ဝယ်တခါ၊ 
ကိုယ်တိုင်လာ၍၊ ဥစ္စာထင်ရှား၊ 
ဘယ်သူအားကို၊ 
နတ်များပို့လာ၊ 
ရှိဘူးပါအံ့၊ 
မိစ္ဆာစွဲမှတ်၊ 
ဘယ်အရပ်မှာ၊ 
နတ်တို့နေရာ၊ 
အိမ်ခမ်းဝါနှင့်၊ 
သာယာခမ်းနား၊ 
နတ်မယားနှင့်၊ 
နတ်သားနတ်လင်၊ 
ကြည့်မမြင်တည့်၊ 
ငြိုငြင်စိတ်စွဲ၊ 
အံသွားခဲ၍၊ 
ညှဉ်းဆဲနှိပ်စက်၊ 
နတ်တို့လက်နှင့်၊ 
ထုတ်လျက်ဆွဲငင်၊ 
ပြုကြအင်ကို၊ 
မမြင်ဘူးပါ၊ 
သည်အရာကို၊ မိစ္ဆာမောဟ၊ 
အယူခွ၍၊ 
နတ်များသခင်၊ 
နတ်ဘုရင်ဟု၊ 
နတ်တွင်အကြီး၊ 
ငါ့သမီးကို၊ 
ဘမ်းဆီးတတ်ငြား၊ 
ငါ့မယားကို၊ 
ဘမ်းစားတတ်ခြေ၊ 
ချမ်းသာစေဟု၊ 
ကချေပွဲလမ်း၊ 
အခမ်းအနား၊ 
နတ်ထိန်းများနှင့်၊ 
သောက်စားဟစ်အော်၊ 
တကျော်ကျော်နှင့်၊ 
မောင်တော်ရှင်ချစ်၊ 
နတ်သံပစ်၍၊ 
မူးရစ်မှိုင်းဝေ၊ 
အထွေထွေလျှင်၊ 
လူ့မြေရပ်ရွာ၊ 
နတ်မိစ္ဆာကို၊ 
ကယ်သာထင်မှတ်၊ 
သဘောကပ်၍၊ 
နတ်လူဗြဟ္မာ၊ 
သတ္တ၀ါကို၊ 
ကံသာအရင်း၊ 
ပြုဘန်ဆင်းဟု၊ 
ယူလျှင်းအပ်စွာ၊ 
ယခုမှာကား၊ 
ချမ်းသာဆင်းရဲ၊ 
နတ်ခပဲသည်၊ 
ပေးမြဲတို့မှာ၊ 
ထင်မှတ်ရာသည်၊ 
မိစ္ဆာယူမိယူမှားတည်း။       ။
ရှင်မဟာသီလ၀ံသ(သံဝေဂခန်းပျို့)
(၁၅၅၃-၁၆၁၈၀) 
မြကန်သာ ကဗျာစာအုပ်မှ
Credit - ခေတ်ကျန်ကဗျာများဆိုဒ်မှ ကူးယူမျှဝေပါသည်
ရှင်မဟာသီလ၀ံသ(ပါရမီခန်းပျို့)
စက်ဝဋ်ချမ်းသာ
စက်ဝဋ်ချမ်းသာ၊ 
ဘေးဖြစ်စာကို၊ 
နည်းနာစေ့ရေ၊ 
ကြံဦးချေမူ၊ 
သည်းချေနောက်မူး၊ 
ယောင်္ကျားရူးသည်၊ 
မဆူးမရား၊ 
လံပါးချေးအိုး၊ 
ရေဟုချိုး၏၊ ပုပ်သိုးမစင်၊ 
ဘင်တီးပြင်ကို၊ 
ဖိရင်နံတောင်း၊ 
လိမ်းကျံရှောင်းလျက်၊ 
အကောင်းအတူ၊ 
နံ့သာမူ၍၊ ရှူရှူရဲရဲ၊
မီးခဲတမူ၊ ချက်စူမျက်ကောင်း၊ 
နားတောင်းနှင်းနိုး၊ 
မြွေဆိပ်ချိုးကို၊ 
ခါးကြိုးဆောက်လုံး၊ 
ပန်းကုံးစတေ၊ 
ဤအခွေဟု၊ 
သွပ်နေမူဆိုး၊ 
တင့်စနိုးလျက်၊ 
အကျိုးမဖြစ်၊ 
ဆင်းရဲနစ်၍၊ 
အပြစ်သာမျှ၊ 
အဆင်းစသည်၊ 
ပဉ္စကာမာ၊ 
ဤခြင်းရာကား၊ 
တန်းဆာဆင်ရုပ်၊ 
သူရူးနုပ်နှင့်၊ 
စက်ဆုပ်ဘေးဒဏ်၊ 
ဖြစ်ကြဟန်လျှင်၊ 
တသွန်ခင်းကျင်း၊ 
ဆိုနှုန်းထွင်းလျက်၊ 
အချင်းအတ၊ 
နည်းနာချ၍၊ 
ဝဋ်မှကွာမှု၊ 
ဤသို့ရှုလျက်၊ 
တခုကိုယ်ရှောင်၊ 
လွတ်လွယ်အောင်ကို
အမောင်ကြံရေးယူလေဿ။  ။
ရှင်မဟာသီလ၀ံသ(ပါရမီခန်းပျို့) 
မြကန်သာ ကဗျာစာအုပ်မှ
Credit - ခေတ်ကျန်ကဗျာများဆိုဒ်မှ ကူးယူမျှဝေပါသည်
စလေဦးပုည၏ လေးမောင့်စံကျောင်းကဗျာ
လေးမောင့်စံကျောင်း 
မုလေးရုံတောအစ
ဒေါနလမ်း မြေညီ
လျှောကျစမ်း ရေသင်းကြည်တယ်
ရွှေနှင်းဆီကန်ချောင်း
လွမ်းမတတ် စကားဝါငူမှာ
နံ့သာဖြူ လေးမောင့်စံကျောင်း။
စပယ်ချပ် သရဖီချောင်မှာ
ခွာညိုတောင် ခိုအောင်း
မွှေးနံ့သာစုပေါင်းလို့
နုညောင်စောင်းထက်မှာ
ပဒုမ္မာကြာသင်္ကန်းငယ်နှင့်
ခါဆင်မြန်း တောမွေ့ပျော်ရာ။
ပန်းသော်က တံတိုင်းကာသည်
ဇီဇဝါ မုခ် ခြားလို့
တံခါးက ချယားကြိုင်
သင်းတဲ့ ဂနိုင်
ယုဇန မဟာမြိုင်မှာ
ကမ္ဘာတိုင် မှီးမယ်ပလေး။
စာဆိုရှိင် စလေဦးပုည
ရှင်မဟာရဌသာရ ဆုံးမစာများ
ရှင်မဟာရဌသာရ ဆုံးမစာများ
၁။ လက်သစ်တောင်သာ၊ 
    ယူဇနာပေါင်း၊
    တာပြန်လောင်းသော်
    ရှစ်သောင်းလေးထောင်၊
    အမြင့်ဆောင်သည့် တောင်မြင့်မိုရ်ရှိ၊
    ဂုဏ်ကြီးဘိသည့်၊
    မွေးမိဖခင်၊
    ကျေးဇူးရှင်နှင့်၊
    ထို့ပြင်တခြား၊
    ဘိုးနှင့်ဘွားကို၊
    ဘုရားတစ်ဆူ၊
    ဂူတစ်လုံးသွင်၊
    စိတ်ထင်ကလျက်၊
    ဦးတင်လက်ထား၊
    အစားအ၀တ်၊
    မလွတ်ရစေ၊
    ရေပူရေအေး၊
    လိုရာပေး၍၊
    ကျွေးမွေးကြလေ၊
    တထွေမှတ်သား၊
    အခါးအချို၊
    သူတို့ဆိုလည်း၊
    ဘိုးဘွားမိဘ၊
    ဆရာစကား၊
    ပြသဆိုထွေ၊
    မျိုတတ်စေ။
၂။ အစ်ကိုကြီးအား၊
    ညီငယ်များလည်း၊
    စကားနှစ်သက်၊
    ဖက်၍မဆို၊
    ရိုသေလှစေ၊
    ကိုကြီးအစ်မ၊
    သည်နှစ်ဝကို၊
    မိဘကဲ့သို့မှတ်ပါလေ။
၃။ သေတူရှင်ဖက်၊
    ဆောင်ရွက်မကင်း၊
    အချင်းချင်းတွင်၊
    အခင်းကြီးငယ်၊
    ရှိခါဝယ်လည်း၊
    မဖယ်မသွေ၊
    ညီညာကုန်း၍၊
    ရုန်းကြလေ။
၎။ တစ်ယောက်စကား၊
    တစ်ယောက်နားမှာ၊
    မခါးရအောင်၊
    သတိဆောင်၍၊
    မောင်တို့ဆိုလေ၊
    ပျားသကာသို့ ချိုလှစေ။
၅။ မတွေ့ခိုက်ရန်၊
    မကျူးလွန်နှင့်၊
    မျက်မာန်ဒေါသ၊
    မထွက်ရအောင်၊
    မာန်မာနကို ချုပ်ကြလေ။
၆။ သေနှင့်အရက်၊
    စီးပွားပျက်ကို၊
    တစ်စက်ကယ်မှ၊
    မသောက်ကြနှင့်၊
    ရှောင်ကြပါလေ၊
    ရှင်တော်ဟောသည့် အဆိပ်ရေ။
၇။ ကိုယ်နှင့်လည်းစာ၊
    သတ္တ၀ါကို၊
    ကြင်နာလှစေ၊
    သူ့အသက်ကို ချစ်ပါလေ။
၈။ နောင်သံသရာ၊
    ရိက္ခာအတူ၊
    ကံကျွေးဟူသည်၊
    အလှူဆိုက၊
    မဆုတ်ကြနှင့်၊
    ရဲလှပါစေ၊
    တံစက်အောက်တွင်၊
    ခံသောက်အိုးတန်၊
    ကျဖန်များက၊
    ပြည့်ငြားသည်သာ၊
    ထုံးဟောင်းစာကို ထောက်ပါလေ။
၉။ သူ၏စီးပွား၊
    ငါ့စီးပွားကို၊
    ထောက်ထားမိစေ၊
    ကြီးလောဘကို မျှတစေ။
၁၀။ ဟုတ်သောအကြံ၊
      မှန်သောအကျင့်၊
      သင့်သောအယူ၊
      ဖြူသောနှလုံး၊
      သူတော်ထုံးကို၊
      စွဲသုံးသောထွေ၊
      မှန်လှစေ။
၁၁။ မှတ်ဖွယ်ရာရာ၊
      ထိုထိုစာကို၊
      ရှာ၍မပြတ်၊
      အိမ်တွင်ဖတ်။
၁၂။ ဖတ်ပြန်သော်ကား၊
      ဖတ်ပြန်များက၊
      သားမယားပင်၊
      သိမြင်ကင်းကွာ၊
      မလိမ္မာလည်း၊
      စာပေစကား၊
      နေ့တိုင်းကြားက၊
      ထူးခြားလိမ္မာ၊
      ရှိသည်သာတည်း။
၁၃။ အသုံးအဆောင်၊
      အိမ်ထောင်ခမ်းနား၊
      အပါးပါးကို ပြန့်ပွားလေအောင်၊
      ကြောင်ပုစွန်စား၊
      ကျွတ်ကျွတ်ဝါးသို့၊
      ယောက်ျားပီထွေ၊
      လုံ့လကိုလည်း ရှိလှစေ။
ရှင်မဟာရဌသာရ
ဘ၀နှင့် အလှ (မောင်စွမ်းရည်)
မြင်မြင်သမျှ
ဤလောကတွင်၊ အလှတို့ဖြင့် ပြည့်ဘိ၏။
မြင်မြင်သမျှ၊ ဤလောက၀ယ်
အလှတို့ဖြင့်၊ ခြယ်သဖြင့်လည်း
မြင်ခွင့်ရှိမှ၊ မြင်စွမ်းရသည်
အလှဟူငြား၊ မြင်သည်ထားဦး
ခံစားသိတတ်၊ ခံယူတတ်မှ
ကျိုးမြတ်ပီတိ၊ ရင်ဝယ်ငြိ၏။
သြော်...
လူ့ဘုံလောကာ၊ ရခဲစွာကို
ရလှာခဏ၊ တစ်ဘ၀၀ယ်
အလှမမြင်၊ လှမမင်ဘဲ
မြင်ရန်မဖွေ၊ ဖွေရန်မသိ
ငါဖြစ်ဘိမူ၊ ငါ၏ဘဝ
ထိုခဏသည်၊ မည်မျှရှုံးလိုက်လေမည်နည်း။
(မောင်စွမ်းရည်)
Friday, May 20, 2016
ကိုလေး ( အင်းဝဂုဏ်ရည် )
အ ချစ် အို အ အို ချစ်
သ မီး လေး တ ဖက်
ချင်း လေး တ ဖ က်
ဒီ နေ့ ဒီ ရက်
ပြ က္ခ ဒိန် နှ လုံး သား
စိန် သွား ဦး နှောက်
ထောင် ဗူး ပေါက် မှာ
ဟော ရောက် လာ ပြီ
မျက် ရည် ရှာ မိ မ တွေ့ ပါ.....
အ ချစ် ပူ ဇော်
တော် လိုက် တဲ့ မိန်း မ...
မင်း မျက် မုန်း ကျိုး အ ချိန် မျိုး
အား ကိုး ရ တဲ့ ငါ့ အ မ...
အော် အော် အော် အော်
တိုက် ဖော် တိုက် ဖက် ရဲ ဘော် မ...
၄၆ နှစ်
နှစ် တွေ နှစ် တွေ
ကြွေ ကြွေ သွား လဲ
အ ချစ် မ ကြွေ
အ ဖွား ရေ
အို လေ ချစ် လေ ယုံ ပါ နော်.......
ကို လေး ( အင်း ဝ ဂုဏ် ရည် )
4 / 5 / 2013
ည...၁၁ နာ ရီ..မိ နစ် ၂၀
 credit - facebook မှ ကူးယူပါသည်/
Friday, January 30, 2015
ကြည်အေး ၏ ကဗျာများ
မျက်လုံးတာရာ
မည်းကော့မျက်တောင်၊ ညအမှောင်ဝယ်
မြရောင်အဟပ်၊ ရောင်စုံစပ်၍
ဖျပ်ဖျပ်ပြိုးပြက်၊ တခဲနက်မျှ
ဝင်းလက်မည်လို၊ ထိန်မည်လိုနှင့်
ဆိုငိုမတန့်၊ ဆန့်တငံ့လျှင်
မဆန့်အာသာ၊ မပြေလာအောင်
တာရာမလင်း၊ ထိန်မ၀င်းခဲ့
ရုတ်ခြည်းဖိတ်ဖိတ်၊ ရုတ်ခြည်းမှိတ်သို့
ချစ်စိတ်လွှမ်းဖုံး၊ ကြော့မျက်လုံးလျှင်
နှလုံးစာနာ၊ တည်မေတ္တာနှင့်
ချစ်မှာလိုလို၊ သစ္စာဆိုလို့
ရွှင်ချိုဝင်းပ၊ ပြုံးရာကလျှင်
မုန်းလှသည့်ပုံ၊ ညှိုးပြန်တုံ၏
မှုန်ကာသာကာ၊ မှုန်သာကာတည့်
တာရာမျက်လုံး၊ မြတနှုန်းသည်
အပြုံးတစ်ချက်၊ မုန်းတစ်ချက်
မလက်ပြန်ချည်၊ လက်ပြန်ချည်။         ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၆
                                                                   သြဂုတ်၊ ၁၉၄၇
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
မိခင်မျက်နှာ
လွရရွတည့်
ဖြူဆွငွေ့မြှင်၊ ကြွေဆံပင်လည်း
ပြေစင်အလှ၊ ခြယ်မသ၍
သွယ်လျပျော့ပျော့၊ ရောင်ဖျော့ဖျော့နှင့်
မကြော့မလွှား၊ လျော့သာပါးသည်
တရားရဟန်း ညှိုးနွမ်း၏ ။
လွန့်ရရွန့်တည့်
တိမ်ညွန့်တိမ်လှိုင်း၊ ပတ်ကွေ့ဝိုင်း၍
ပြာမှိုင်းမိုးဗွေ၊ ကြောင်းရစ်ခွေသို့
အရေလျလျ၊ အစင်းထ၏
လျောကျချိုင့်ဝင်၊ ရိုးသားတင်သည်
ပါးပြင်မပြည့် တွန့်လိပ်၏ ။
ပြုံးမျက်နှာလျှင်
ဇရာနှိပ်စက်၊ မည်သို့ဖျက်လည်း
မျက်လုံးအလည်၊ “အပြုံး” တည်၏
ချိုကြည်နှုတ်ခမ်း၊ “အပြုံး” သန်း၏
ငြိမ်းချမ်းမေတ္တာ၊ မယှဉ်သာတည့်
မျက်နှာလပြည့်၊ ထွန်းစည့်စည့်လျှင်
မိခင့်မျက်နှာ၊ မြနှယ်သာသည်
ရှုကာမ၀နိုင်တကား။    ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၇
                                                                   အောက်တိုဘာလ၊ ၁၉၄၇
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ဆောင်းပေါက်တော့မည်
ယခု စိုးသည်
မိုးသက်ကုန်မြောက်
ဆောင်းလပေါက်က။
လယ်ခင်းရှင်သည်
တံစဉ်ထက်ထက်၊ ချွေးစက်စက်နှင့်
လယ်ထွက်ကောက်ပင် ရိတ်တော့မည်။
ဆောင်တော်ကူးလည်း
ပွင့်ဖူးဆုပ်ခဲ၊ ကိုင်းကိုဆွဲ၍
တွဲလွဲရိုးရီ စီးတော့မည်။
မြိုင်တစဉ်မှာ
သစ်ပင်ကျေးငှက်၊ အားသစ်တက်၍
နှင်းစက်ငွေရည် သောက်တော့မည်။
မြောက်ပြန်လေလျှင်
ဟေမန်ရတု၊ ကဗျာစုကို
အနုအယဉ်၊ တန်ဆာဆင်၍
ရွှင်ရွှင်ကျူးတော့မည်တကား။  ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၈
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ခရီးဝေယံ
လဆီကို လေယာဉ်စီးလို့
ခရီးထွက်ရအောင်
လိုက်လှည့်ပါမောင်၊
ဝဋာတောင်ပြာရောင်ဆီ . . . မှန်း။
တေးချိုချို နှစ်ကိုယ်လွင့်မယ်
လေနှင့်လိုက်ယွန်း။
နှင်းငွေ့မှုန်ပြန့်ကျဲလို့
ပုလဲအပေါ်တွင်
အထဲပြာမင်
ဆုံးမမြင် ကောင်းကင်မြက်ခင်း
ဖိတ်ရွှန်း နဂါးငွေ့
လမ်းကွေ့ကိုဆင်း။
အဖြူမှာ ငွေဇာသတ်တဲ့
တိမ်အထပ် ဝေပြာပြာ
ရောက်တော့တဲ့ခါ
တန့်ရပ်တေးလွှာ ပျာကရာရုန်း
တိမ်ရိပ်ခိုရင် လွတ်မယ်
တွတ်တွတ် တူပုန်း။
မပုန်းနိုင် အမိဖမ်းတော့
လချမ်းသူ ငါအရင်
ပြေးခဲ့ပြန်လျှင်။
လငွေမျှင်၊ ဒန်းဆင်ကာလွှဲ
လကွေး ငွေရည်စို့မှာ
ထိုင်လို့တူတွဲ။
ရွက်စုံရောင်စုံကြွတဲ့
ပြုံးပပ မြ၀တ်ကြည်။
ပန်းရုံအလယ်၊
ကြယ်ပွင့်တွေစည်၊ ကြယ်ရည်တွေလူးလို့
ကြယ်အငုံ ကြယ်အဖူးနဲ့
ကြယ်ပွင့်တွေ ခူးစို့။     ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အမှတ် ၉
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ဖြေရခက်တယ်
“နှုတ်ပဉ္ဖင် ခင်မလှစ်ချင်လဲ့
ချစ်ရင်ဖြင့် ပြုံးလှည့်ပါ” တဲ့။
တစ်နေ့ နှစ်ကိုယ်ကြုံတော့၊
မေ မယုံ မပုံသေးသူက
ဖြေသာရုံ တဖုံမေးပြီမို့၊
အတွေးချာချာလည်လို့
စိတ်မတည်ကြည် မချမ်းနဲ့
နွမ်းမိခွေလာ။
ရင်မလင်းပေမယ့်
အသွင်တင်းပါလို့
ဟင့်အင်းကွယ် ငြင်းမယ်ပြုပြန်တော့
သူ့မျက်နှာ မှိုင်တငေးကိုမှ
အတွေးနဲ့ မြင်ရာမှာ
တွေလာမိ စိတ်ထား။
ပျော်လည်းမရွှင်
အချစ် သည်ဟာထင်ရဲ့
သွင်စံပယ် စင်ကြယ်ချစ်လိုနဲ့
ဆင်းပလီ နှင်းဆီချစ်လေလား
သည်မေတ္တာ မည်မမှည့်နိုင်ဘု
တွေးလှည့်ပါ ပူမဆုံးပြီမို့
ဆွေးပြည့်သူ ဝေတနှုန်းရယ်နဲ့
ပြုံးရမှာလား၊ ဖုံးရမှာလား။       ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အတွဲ ၂
                                                                   အမှတ် ၁၊ ၁၉၄၇
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ရွှေလှိုင်း
ငွေရည်စိုစို၊ လရောင်ယိုကို
သောက်ချိုပြုံးပြ၊ နှလုံးမြ၍
နုံးလျညွတ်နှုး၊ ညဥ့်အဦးမှာ
မေ့မူးလုလု၊ စိတ်ကူးနုနှင့်
ချစ်သူစံရာ၊ စောင့်မြဲခါဝယ်
ရောက်လာတစ်ကိုယ်ချင်းတကား။
အို လှပါဘိ၊ လူးလွန့်အိ၍
ငွေ၏ နုရည်၊ သွန်းလှည့်လည်မှာ
ရွှေခြည်ရွှင်ရွှင်၊ ရွှေမျှင်ကွေးကွေး
ရွှေရေးတွန့်တွန့်၊ တွန့်ရရွန့်လျှင်
လှိုင်းညွန့်လဲ့မှုန်၊ လေအကြုံဝယ်
သိုင်းခြုံငါ့အား ပွေ့ကြို၏ ။
ရွှေလှိုင်းကော့ပျံ၊ ငွေရောင်ခံလျှင်
လျှံလျှံလက်ရွှန်း၊ လှရက်လွန်းသည့်
ငွေမွှန်းသည့်ရွှေ၊ ရွှေမွှန်းငွေလို
နှစ်ထွေရောစု၊ လှချင်းလုသော်
ရှုမိလေလေ၊ စိုက်ငေးတွေသည်
အို ရွှေလှိုင်းလော၊ ငွေလှိုင်းလော။
အပြုံးဆွတ်ဆွတ်၊ နှလုံးလွတ်နှင့်
ကွေ့ပတ်ရစ်လည်၊ လှိုင်စည်စည်ကို
တမ်းမည်စိတ်တွင်၊ နမ်းလိုချင်၍
ငါလျှင် တုန်လှုပ်၊ မချုပ်တီးနိုင်
ယိမ်းယိုင်တပ်မက်၊ မှားရှူသက်နှင့်
ကမ်းလိုက်တူရူ၊ လှမ်းလိုက်ယူတည့်။
နုသည့်အတွေ့၊ လှိုင်းအကွေ့ပေါ်
ချမ်းမြေ့ကြည်သာ၊ လှမျက်နှာလျှင်
အာကာအလျှံ၊ နောက်ကားခံ၍
လွတ်ခံငွေသော်၊ ရုတ်ခြည်းပေါ်သို့
မေ့ပျော်မိအောင်၊ ပြုံးအလှောင်နှင့်
ဟန်ဆောင်အကြည့်၊ လွန့်၍လှည့်စဉ်
လေ၏အပင့်၊ လှိုင်းလည်းလွင့်၏
ပန်းခက်စိပ်စိပ်၊ ရွှေလှိုင်းလိပ်လျှင်
ငွေရိပ်အခို၊ ရွှေမည်လိုနှင့်
အညိုသို့လု၊ တစ်ဝက်နု၍
တစ်စုအရင့်၊ ဖွာရာလွင့်သည်
ကြဲပွင့်ပျောင်းရှည်၊ လေတွင်စည်တွင်
ဝေ့လည်ချစ်သူ ဆံနွယ်တကား။
ရမ္မက်ပြင်းပူ၊ စိတ်ဆုံးဆူ၍
ပြုံးမူမပျက်၊ ငါ့ချစ်သက်ကို
ပိုက်ဖက်ယူမိ၊ မခံချိနှင့်
စိတ်၏ စေရာ၊ လိုက်အပါဝင်
ကမ္ဘာကိုမေ့၊ နှစ်ကိုယ်တွေ့မှ
မွေ့မွေ့ကြည်လျှမ်း၊ ရှိုက်ရှိုက်နမ်းသည်
လှမ်းသူကိုလည်း၊ လှိုင်းကိုလည်း။        ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၈
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ဧရာမှာ ဗေဒါပွင့်
ဧရာမှာ ဗေဒါပွင့်
ရွက်လွှင့်လို့ ဆိုင်ဆိုင်။
ခပ်တက် ပြိုင်ပြိုင်
နီလာခိုင် ကြည်ပြာမြိုင်ပေရဲ့။
ဗေဒါ ဧရာကြောမှာ
မျှောလို့ ပျော်ငဲ့။
လေအကြုံ ရေစုန်ပြေးလို့
လှေကလေး ဗေဒါ။
ကမ်းကွေ့လို့လာ၊
ခဏတာ မြနာဝါ သူရပ်။
ရေလယ် စေတီရိပ်ကို
ဦးထိပ် ရိုကပ်။
မုန်တိုင်းထန်တဲ့လျှင်
လှေ ဗေဒါ လှိမ့်လူး။
မြစ်ဦးဗွေတွင်
မိုးသက်ကယ်ဆင် လမ်းစဉ်ပိတ်ဖုံး။
ကိုယ်ထီး ဖော်မပါဘဲ
ထိတ်ပျာလို့ နုံး။
ဝဲကတော့ လည်တဲ့လျှင်
လှေ ဗေဒါ လှိမ့်လူး။
မြစ်ဦးဗွေတွင်
ရက်ပန်းငယ်ဆင်၊ အားအင်နှင့်ခွေရစ်
ရေမှာ ဗေဒါမြုပ်အောင်
စုပ်တဲ့လိုနစ်။
မုန်တိုင်းတဲ့ တွေ့ကြုံ
မြစ်ဗွေ ရစ်ခွေလှဲ့
ဝဲနှင့်လည်းဆုံ
လှိုင်းဖုံဖုံ ၀ိုင်းအုံတားဆီး။
ရေသာ လေသာ ရပြန်ငဲ့
လှေနာဝါ ဗေဒါမြငယ်
ဘ၀ခရီး။        ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၂
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်မှ
အငြင်း
“ဝေဟင်မှာ ရွှေမင်ပြောက်
ကြယ်အတောက် ကြယ်အပြောင်
ရေတွက်ရအောင်။
ကြယ်ပွင့်ကုန်အောင်
မယ်မောင်ချစ်တမ်း” လို့ဆိုတော့
သူ့နှင်းဆီပွင့်နှုတ်ခမ်းမှာ
အပြုံးယောင်ယောင်သမ်းလို့
ခေါင်းတွင်တွင်ယမ်း။    ။
“ပင်လယ်မှာ မေ့တမော
လှေမျောနဲ့ ရေမှာပါ။
ချစ်စို့နော် ပျော်စို့လား
နှစ်ပါးကြင်နာ။
ခရီးဆုံးတိုင်သာ
ဟိုမှာဘက်ကမ်း”လို့ဆိုတော့
သူ့နှင်းဆီပွင့်နှုတ်ခမ်းမှာ
အပြုံးလိုလိုသမ်းလို့
ခေါင်းတွင်တွင်ယမ်း။    ။
ချစ်ကဗျာ ကုန်စင်ထပ်လို့
တန့်ရပ် မှိုင်တွေဝေ။
“ချစ်လှည့်ပါ” သည်တစ်လုံးကို
သူ့ပြုံးလွှာ စိတ်မှာတမ်းလို့
ယမ်းယောင်မိပေ။
သူ့စိတ်မှာထွေ၊ အဖြေနှင့်သက်ပြင်း
ထပ်ခါခါ ဘာသာငြင်းတယ်
“ဟင်းအင်း ဟင်းအင်း”တဲ့။      ။
ရင်တွင်းမှာ လှိုင်းလိပ်လို့
တရိပ်ရိပ် ဝေဒနာ
စိုက်ငေး တွေဝေရှုမိ
ချစ်သူ့မျက်နှာ။
သူလဲ ထွေလာ
မူရာလျနွမ်း။
အားအယူ မှားရှူသက်နဲ့
သူ မျက်ရည်လျမ်း။      ။
“မေ့လိုက်တော့ သက်ဝေရယ်” တဲ့
သူတစ်ဖန် ဆိုပြန်ရက်တယ်
စိတ်စက်အပြေ။
“ချစ်ကြိုးကိုဖြေ
မေ့နေမယ်ထင်လား” လို့ မေးတော့
ချုပ်တည်း သူမနိုင်နဲ့
ယိမ်းယိုင် လိုက်အလျောမှာ
မောလှုသနား။           ။
ချစ်သူကို ပိုက်ထွေးလို့
စိတ်အေး ဘ၀င်ဝယ်။
“တွက်မနိုင် ရေမဆုံးတဲ့
ကြယ်ပြုံးကြယ်ပြောင်တို့
ရေရအောင် လှေအလူး
ကူးစို့ပင်လယ်” လို့ဆိုပြန်တော့
ရှက်အားကြွယ်ကြွယ်
ငိုတရယ် ချက်ချင်း။
ကြားပြန်ပါ မူရာငြင်း
“ဟင့်အင်း ဟင့်အင်း”တဲ့။        ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၃၊ ၁၉၄၇
                                                                    ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
မိုးတိမ်ကိုမှာ
တစ်ကိုယ်ငေးမိရဲ့
အတွေးဟိုသည်ခုန်လို့
နွေအကုန် ကဆုန်ကူးရင်ဖြင့်
ရူး မိမိ ဘ၀င်မှာ။
အို နီလာလို ကြည်ပြာခိုးမှာ
တိမ်ခိုးတွေညှို့
စိမ့်သည်းလှိုက်ဖို အလိုလို
စာဆို မျက်ရည်စို့မိပေါ့
တစ်မြို့နေ တစ်မြေဖွားပေမို့
ပြစ်မယူ ချစ်သူသွားပေအုံ့
သနားကြင်နာပိုနဲ့
စကားထင်ရာဆိုမိတော့
သည်မယ့်လို တငိုတမ်းရယ်နဲ့
သူလဲလေ ပူဝေနွမ်းပေလိမ့်မယ်
မောင့်ဌာနီ မြောက်ဆီလွမ်းကာပ
လှမ်းမျှော်မိပါ။
ကြာကြာလေ အနေဝေးသော်လည်း
အတွေးချင်းဖြင့် နှစ်ကိုယ်ဆုံ
ချိုမြအပြုံး ကြင်မဆုံးသူမို့
စိတ်လုံး မယ်သာပုံခဲ့
ယုံသူကို ဆုံတူတွေ့ချင်လို့
တိမ်ပွေပွေ လေအဝှေ့မှာ
မြောက်မြေဆီ အောက်ခြေရွှေ့ပြန်တော့
“သည်မေ့ သခင်ကိုဖြင့်
တမြင်မြင် မြင်ယောင်မှန်းနေလို့
ခင်းသာရင် ရွာစဉ်တန်းကိုဖြင့်
ကြားလိုက်ပါ့ တိမ်ပြာရယ်” လို့
အမှာလက်ဆောင်ပါး။
မယ့်ကိုယ်စား သွားရှာတဲ့တိမ်ညို
မြောက်ဆီကို ပြိုပေါ့
စိုစိုရွှဲရွှဲ မိုးပေါက်တွေကြဲလိမ့်
တသဲသဲလေ ညိုမယ်ပေါ့ဝေဟင်လုံး
မိုးဟန်ပြင်ဆုံးနိုင်ဘု
ပြုံးမိနေစဉ်
အိပ်မက် တယဉ်ယဉ်ပေါ့
သည်ဗွေမှာ ထွေရာတွေးပါမိ
မေးရှာလည်း သူလည်းလေ
“မိုးဆွေရယ် ညို့မေလျရာက
လွမ်းမောင့်ကို ပန်းအောင် တလေသလား” လို့
တိမ်မြေပြာ မိလ္လာနှောရယ်က
စကားလွှာ ကြားမှာတဲ့သဘောကို
ပြောနိုင်ပါ့မလား။        ။
                                                                   ကြည်အေး
                                                                   တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၎
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်ကဗျာစာအုပ်မှ
အို လွမ်းသူရယ်
အို လွမ်းသူရယ်
ပြုံးမူပျက်၍၊ မျက်ရည်ဝေ့နှင့်
မေ့လျော့သနှင့်၊ စိတ်လုံးလွင့်သည်
ကြွေရင့်မည်နှယ်၊ တအားငယ်သည်
ဘယ်သခင့်တွက် ဖြစ်သနည်း။
ပြတင်း၀၀ယ်
ငြိမ်လှလွန်းသည်၊ ကျောက်ရုပ်တည်သို့
မှုန်ရည်နွမ်းအောင်၊ စိမ်းယမ်းယောင်နှင့်
ကြောင်၍ရပ်နေပါတကား။      ။
ရင်မှပွင့်သည့်
ကြောက်ချင့်စဖွယ် သက်ပြင်းများ။       ။
လေ၀ယ်လွင့်သည့်
ညိုရင့်ဆံပင် ရွှေမျှင်လှိုင်း။       ။
သည်နှစ်ခုသာ
လွမ်းသူ့ပတ်လည်၊ လှုပ်ရှားသည်တည့်၊
အို လွမ်းသူရယ်
ပူသည်ကို ဖျောက်၊ ကြောက်သည်ကိုပယ်
စိတ်ဝယ်မလျှော့၊ စောင့်ဦးတော့လော့။
တစ်နေ့နေ့မှာ
တွေ့မည်ရွှင်ချို၊ သခင်ကိုတည့်
မေ့ကိုမုန်းထား၊ အဝေးသွားလည်း
လွင့်ပါးမရှည်၊ ပြန်ခဲ့သည်က
စောင့်သည်တွေ့မူ၊ ချစ်စိတ်ဆူနှင့်
လွမ်းသူရှေ့မှောက်၊ သူဒူးထောက်လိမ့်။
သည်အခါမှာ
ကြာနှုတ်အပြုံး၊ ဖြူနှလုံးနှင့်
မရုန်းမပယ်၊ ငိုတရယ်လျှင်
စင်ကြယ်ခွင့်လွှတ်၊ ချစ်သက်မှတ်ကို
ကြည်ညွတ်ချဝန်၊ သခင် ပန်က
ပြန်လည်လိုလိုက်၊ ချစ်သူမိုက်ကို
ထွေးပိုက်ပါယူ၊ အို လွမ်းသူရယ်။         ။
                                                                             ကြည်အေး
                                                                             တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၆
                                                                             ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
တသက်သက်
အမိုက်မှောင်တွင်း
တယောင်ယမ်းယမ်း၊ ဖွေရှာစမ်းသော်
လမ်းပန်းမတွေ့ မူးမိုက်မေ့လည်း
လဲ၍နေရာ၊ တွားသွားကာလျှင်
ရှေ့သာအတင်း၊ ဇွတ်တိုးခြင်းဖြင့်
အလင်းလိုက်လံ ရှာသည်တကား။
ငါ့ကိုယ်လက်ကို
ပြက်ရယ်ပျော်ပါး၊ လူအများလျှင်
ဖြတ်သွားကျော်နင်း၊ နှိပ်စက်ညှဉ်းက
တင်း၍ခံယူ၊ မညည်းညူလည်း
သည်းအူနာကြည်း၊ ဒဏ်ရာသည်းသည်
သွေးလည်း အလိမ်းလိမ်းကပ်၏ ။
သက်ရှိုက်ပန်းစွာ
လမ်းခုလတ်တွင်၊ ရေးရေးမြင်သည်
ရွှေစင်လိုတောက်၊ငွေပြောက်လိုထိန်
စိန်တနှုန်းခြယ်၊ ငါလျှင်ကယ်အံ့
ဖြူကြယ်တစ်ပွင့် လက်သတည်း။
ရွှန်းရွှန်းပသည်
ကြယ်တစ်ပွင့်ပြက်၊ ရောင်ခြည်လက်ကား
ဝေသက်ချစ်သူ၊ ကြိုအယူမှာ
မွှေးကြူနီရင့်၊ နှင်းဆီပွင့်လျှင်
မြင့်မြတ်နှလုံး၊ ပုလဲကုံးလှစ်
ပြုံးသည့်အလင်းရောင်တကား။
ချစ်သူခြေရင်း
စင်းလျောင်းရာမှ၊ အားယူထသော်
ထူမကြိုထွေး၊ သူ့ကိုယ်နွေးကို
မှေး၍ရပ်စဉ်၊ အားသစ်ဝင်သည်
စိမ့်ကျင်အသည်း၊ ၀မ်းပန်းနည်းနှင့်
ပျော်လည်းရယ်ကာ၊ တုန်လှုပ်စွာလျှင်
သည်ခါကျမှ၊မျက်ရည်ကျသတည်း။     ။
                                                                             ကြည်အေး
                                                                             တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၇
                                                                             ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ဘ၀ဟောင်းက ချစ်သူ
ညနေအေးမှာဖြင့်
ဆွေးမိသလိုလိုနဲ့
စာဆိုမောင် တ ယောင်ယမ်းရယ်နဲ့
လျှောက်ခဲ့တယ် တစ်ကိုယ်တမ်းပေပေါ့
ဘယ်ချစ်သူ ကြိုယူကမ်းမယ်လဲ
ခြေလှမ်းက မသွက်ချင်။
အလို ဘုရားသာပ
ဆိုးမှားတွေဝေကြောင်မိ
ညိုမှောင်မှောင် နှင်းရည်သိပ်ပါတဲ့
လမ်းမြှောင်မြှောင်သစ်ပင်ရိပ်မှာလ
အိပ်မက်ထင်စရာပ
ကညာယဉ် ပြာပြာညက်ရယ်က
ပျာကရာ ပြေးလာထွက်ပါလို့
ငိုတရယ် နှုတ်ဆက်
လှမ်းဘက်ခင်မင်။
“အို ပြုံးယောင်ပြပါမောင့်
ကွဲရကြာလေပြီ”တဲ့
ဆည်မပြေ ချုပ်မတည်းနိုင်လို့
ငိုညည်းနေရှာတော့
ထိတ်ပျာပျာ စိတ်သာများမိပါရဲ့
ကြုံသူကို ပုံတူမှားရှာထင့်
သနားငြိမ်နေတောင်မှ
“မေ့မောင်ရယ် ကွေ့ရှောင်တိမ်းရက်ပေ့
စိမ်းမေ့ပြီပေါ့ ဟင်”တဲ့
ပြစ်တင်လို့မဆုံး။
အတွေးခက်ပါရဲ့
အေးကွက်မမြင်ပြီဘု
ယခင်ဆီ ပြန်လည်မှန်းသော်လဲ
ဘယ်ခါဝယ် ဘယ်စခန်းဆီက
ဘယ်ညောင်ရေ ဆုယူသွန်းပါ၍
ချစ်ပန်းနှစ်ကိုယ် ဆင်ခဲ့တယ်လို့
မမြင်နိုင် စိတ်သာပျက်မိပါရဲ့
ခေါင်းညင်သာခါကာထွက်ခံရ
သူ့ခမျာ လွမ်းရာခက်ရှာပေါ့
ကြက်သေ သေလို့ နုံးရာက
(စောင့်ရှာသူမှာ) မျက်ရည်နဲ့ပြုံး။        ။
                                                                             ကြည်အေး
                                                                             တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၈
                                                                             ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ဘ၀ကူး
မိုးရွာပြီးစ
မြေကြီးညံ့သိပ်၊ တိမ်ရိပ်မှောင်ဖျော့
ညွှတ်ကော့သစ်ရွက်၊ ရေစက်စက်အောက်
မိုးသက်လေမှာ မေတစ်ယောက်တည်း။
မြစ်ရေစပ်၌
မတ်ရပ်တင်းတောင့်၊ ရင်ဟင်းလင်းဟ
ငွေကွင်းဂယက်၊ ခြေကိုပက်မှ
ပင့်သက်ရှိုက်ငင်၊ လျော့ဆံပင်လည်း
လေတွင်ပြေးသွား၊ လွင့်ပါးလိုက်တာ။
လူရိပ်ရေးရေး
ကလေးငိုသံ၊ တေးဆိုဟန်လို
အသံဗလံ၊ မြစ်ရေလျှံမှာ
စုန်ဆန်မျှောစီး၊ တီးတိုးညဉ်းလာ
အနီးကပ်အော်၊ လိုက်ခဲ့ခေါ်လို
ရမ်းရော်စိတ်ညစ်၊ မူးရစ်ရစ်မြင်
ပြောင်းသစ်မြို့ရွာ တစ်ဖက်ကမ်း။
သတိဝေ့လည်
မေ့လျော့ဖြည်းညင်း၊ ရေကိုဆင်းပြီး
စမ်းနင်းလျှောက်ခဲ့၊ ကျောက်ပဲ့ရွဲ့စူး
မူးနစ်မွန်းနောက်၊ လွယ်ကူရောက်သည်
ရေအောက်ဖြတ်လမ်း တိတ်တခိုး။       ။
                                                                             ကြည်အေး
                                                                             တာရာမဂ္ဂဇင်း၊ အတွဲ ၃
                                                                             အမှတ် ၁၈၊ ၁၉၄၉
                                                                             ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ရှင့် ကဗျာဆရာ
သူ့နားကပ်ပြီး
စပ်စမ်း ကဗျာတစ်ပုဒ်လောက်။
သူက ပြုံး၍
ကုန်းကာလှမ်းခူး၊ ရွက်စိမ်းဆူးနီ
အဖူးကြမ်းကြမ်း၊ တောရိုင်းပန်းလို
နမ်းလိုက်သည်နှင့်၊ ချက်ချင်းပွင့်လာ
ပုလဲဝါ၀ါ၊ သဇင်လွှာသို့ပြောင်းလဲသွား၏ ။
“ကဗျာစပ်လေ
ထပ်ဖို့ကာရန်၊ အသံရှာလေ
စာလုံးစက္ကူ၊ ခဲတံယူလေ”။
သူထွက်သွားပြီး
မြိုင်ကြားကျောက်စက်၊ ရေတစ်စက်ကို
လက်နှင့်တောက်ရာ၊ စိတ်စိတ်ဖွာပြီး
ဆပ်ပြာပူဖောင်း၊ အဖြစ်ပြောင်းသွား
ကောင်းကင်သို့လွင့်၊ အရောင်ရင့်လာ
တိမ်နှင့်ငြိတွယ်၊ ကြယ်တွေဖြစ်သွား
မျက်မှောင်ကုပ်မိ
“ဘာလုပ်နေတာလဲကွယ်”။
သူ တိတ်ဆိတ်စွာ
ရိပ်ပြောက်မြက်ခင်း၊ လေဟင်းလင်းမှာ
သက်ပြင်းညင်သာ၊ မောဖြေလာသည်
ကဗျာမစပ်တတ်ဘူးလား။       ။
                                                          ကြည်အေး
                                                          တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၁၉
                                                          ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
တေစ ၦ
အိပ်လို့မရ
ညကြီး မင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊သတိပြယ်လွင့်
ခိုတွယ်စရာ၊ အတည်မကျ။
အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေးငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုပ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
တေစ ၦ ငါကိုယ္တိုင္ပါပဲ။
ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ်၊ မတ်တတ်ထလိုက်
ခန်းဝကိုလာ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တစ်ဆင်တည်းပဲ သူနှင့်ငါ။
မြစ်နက်ထဲမှာ
ငါရေနစ်မြုပ်၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား၊ ငါ နေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။
မောပန်းလျနှင့်
တစ်ယောက်သော ငါ၊ ငါများစွာမှ
ထလာလွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမှမကြား၊ မောင့်အနားကို
“ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား”၊ တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ် အရိပ်ထင်။    
ကြည်အေး
တာရာမဂ္ဂဇင်း၊ အတွဲ ၃၊
အမှတ် ၂၀၊ ၁၉၄၇
                                                                   ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ
ခေတ်ကျန်ကဗျာများဆိုဒ် မှ ပြန်လည်ကူးယူမျှဝေပါသည်