Wednesday, September 7, 2011

ကိုလေး (အင်းဝဂုဏ်ရည်)

ကမ္ဘာပြု မိုး
အိပ်မပျော်ပါ
ကျွန်တော်အိမ်ရောက် ၊ စိတ်ခြေပေါက်ကာ
လျှောက်၍ကြည့်လျှင် ၊ မေမေ့မြင်၏
မိခင်မျက်လုံး ၊ မျက်ရည်ဖုံးလျက် ...။

အနောက်ခန်းမှာ
ပင်ပန်းနွမ်းလျ ၊ ချုံး၍ကျသည့်
ဆံကဆီခြောက် ၊ မျက်တွင်းဟောက်နှင့်
ပေါက်ပေါက်မျက်ရည် ၊ ဇနီးသည်က
သားနီတာလေး ၊ အနှီးထွေး၍
အေအေးဆိုချော့ သိပ်နေ၏ ...။

သမီးဦးသည်
စာကူးစာကျက် ၊ ဂဏန်းတွက်လည်း
ရှိုက်လျက်နှင့်ပင် ၊ စာမထင်ပြီ ...။

အိပ်မပျော်တိုင်း
ကျွန်နော်အိမ်ရောက် ၊ စိတ်ခြေပေါက်ကာ
မိုးသောက်အထိ ၊ စောင့်၍ကြည့်၏...။
အမိ
ဇနီး
သမီးဦး မ
မျက်ရည်ကျပြီ ...။

မိသားစု၏
ရင်ထုနာကျည်း ၊ သောကမီးမှ
စီး၍ယိုကျ ၊ မျက်ရည်စသည်
လောကညစ်ကြေး ၊ ဆေးကြီးဆေးသည့်
ဘေးပေါင်းပျောက်ရာ ၊ အုံးအုံးရွာသော
ကမ္ဘာပြုမိုး ဖြစ်လိမ့်သတည်း ...။ ။

ကိုလေး ( အင်းဝဂုဏ်ရည် )
မန္တလေးထောင်အတွင်း ( 19-9-1967 )