Thursday, September 25, 2014

ကြည်အေး ၏ ကဗျာများ

လူမသိသော ကဗျာ
--------------------

ကဗျာမဖွဲ့တာဖြင့်
ကြာခဲ့ပြီကောရယ်လို့
ပိတောက်ရွှေ ဝေတဲ့တောဆီက
တငင်ငင် ဥရွှေသြစဉ်မှ
တဆိတ်ဆို စိတ်ကို မောအောင်ရှင့်
ပြောလာတဲ့ တစ်ယောက်သောသူ။

သြော်မောင်မသိလေဘု
ယောင်တိယောင်တောင်နဲ့
ညဥ့်မှောင်မှောင် လရောင်မ၀င်းသော်လည်း
ငွေစံပယ် ရွှေကြယ်လင်းရှာငဲ့
သီချင်းတကြော်ကြော်နဲ့
သြော် အော်မဆုံးခဲ့ပါဘု
ပျော်တုန်းကို ဆူ။

သည်တစ်ပုဒ်ကိုတော့
ဆုတ်ပစ်မယ် ဘယ်နှမြောပါဘု
ပေါလှတယ် ဟိုတစ်ပုဒ်
မကြိုက်ပေါင် ချေလို့လုံးတယ်တော့်
ချစ်စရာ ကာရန်သုံးကာဖြင့်
အလင်္ကာ ပီပြင်ဆုံးကိုမှ
နှလုံး၌ ကပ်လို့မြှူ
ပူပင်အုံ့တနွေး။

တစ်နွေကူးမယ်လို့
နှစ်ဦးအသာလှယ်တော့ကို
စိန်ပန်းနီနီခြယ်သမို့
စိတ်ငယ်သူ အပူကြွချိန်မှ
ဆိုခဲ့တယ် သူက
ဘ၀တိုတို လျှောက်ချင်သတဲ့
ဘယ်မြေပုံ မှုန်ဆီရောက်ရှာလို့
နှင်းဆီပင် တစ်ပင်ပေါက်ပြီလား
ပျို့ကဗျာ အိပ်ရာအောက်ကယ်က
ပျောက်ခဲ့ပြီလေး။       
                                                                    
ကြည်အေး
                                                                   
ရှုမ၀မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၅၂
                                                                 

Sunday, June 8, 2014

ကြည်အေး ၏ ကဗျာများ

ကြွေပွင့်

ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ်၊ ယခုလှစ်သည်
ရွှေရစ်ပန်းပြာ၊ ခပ်မာမာလေး။

လှမ်းမမီပေမယ့်
မောနေပါ့မယ်၊ ခူးမလွယ်ဘူး
မြေ၀ယ်လျောင်းစင်း၊ မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့်၊ ခရေပွင့်လေး။

အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့်၊ လှမ်းကြိုနှင့်သည်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။          
                                                                    
ကြည်အေး (ရှုမ၀မဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၁၉၅၃)

ကြည်အေး ၏ ကဗျာများ

တေစ ၦ


အိပ်လို့မရ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
ခိုတွယ်စရာ ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
စကားပင်အို ၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ ၊ မြက်ချုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ် ၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက် ၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့် ၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် ၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ
ငါ ရေနစ်မြှုပ် ၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ၊ ငါနေနားလိုက်
ဘုရားရှေ့မှောက် ၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တစ်ယောက်သောငါ ၊ ငါများစွာမှ
ထလာလွင့်ပါး ၊ မောင့်အနားကို
စကားထွေရာ ၊ ငိုသံပါနှင့်
ဘာမှမကြား ၊ မောင့်အနားမှာ
‘ ထသွားစို့ဆို ၊ မေ့ကိုအိပ်မက်
မမက်ဘူးလား ‘ ၊ တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ် ၊ အရိပ်ထင်။ ။


ကြည်အေး
(တာရာမဂ္ဂဇင်း ၊ အတွဲ ၃ ၊ အမှတ် ၂၀ ၊ ၁၉၄၇)

ကြည်အေး ၏ ကဗျာများ

ကြွေပွင့်ကိုသာ ကောက်ပါမောင်

ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။
လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး၊
မြေ၀ယ်လျှောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ။
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်…

ကြည်အေး

Tuesday, February 25, 2014

ကြည်အေး ၏ ကဗျာများ


မြစ်လယ်မှာ ချစ်လှယ်တုန်းက

မြစ်ရေပြင် လှေလူးလို့
ချစ်ဦးမယ်နဲ့မောင်
ပန်းခူးရအောင်။

လမင်းကလှောင် ကြယ်ပြောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။  
လေအေးက ခုန်ပျံ
ကြင်ဦးရင်မှာမှီလို့
ဆိုတေးစီ မြစ်တရိုးမှာ
စိုးတဲ့အသံ။

လှပသည့်ကာရန်၊ ပန်းမန်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။        

လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ် မှုန်တ၀ါးမှာ
ရှက်အားကကြွယ်
ထက်ရေးဆန်းကြယ် ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင် ချိုနှလုံးရယ်
ပြုံးတထေ့ထေ့။      

ကမ်းဆီကို ၀ိုက်ကွေ့လို့
တရွေ့ရွေ့ စိုက်စိုက်လာ
ယက်ပန်းက ဖွာ။

ရွာဦးမှာ စေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လက်ရှည်တင် ပျော်ပုံသစ်ရအောင်
ချစ်သက်သေထား။    
                                                                  
ကြည်အေး (တာရာမဂ္ဂဇင်း၊ အတွဲ -၁၊ အမှတ် - ၅၊ ၁၉၄၇)

Wednesday, August 28, 2013

ကြည်အေး ၏ ကဗျာများ

စိတ်သိ အိပ်မက်

အိပ်မက် မက်တယ်
သစ်နွယ်ရောစပ်၊ ကမ်းပြတ်မှာလို
ပိတောက်အိုအောက်၊ တစ်ယောက်တည်းပဲ
ချွဲနွဲ့တော့တီ၊ မေရဲ့ ဂီတ
သိပါ့မယ်တွေး၊ တယောလေးယူ
ဖြည်းဖြည်းလျှောက်ရင်း ကြိုးကိုညှိ။

တကုပ်ကုပ်ပင်
ခလုတ်လှဲ့ပြတ်၊ တစ်ပတ်ကျော့ရစ်
အသစ်တပ်ပြန်၊ တေးမဆန်ဘူး
စိတ်ကူးကဗျာ၊ ပျက်သွားမှာစိုး
ဘိုးတံကလည်း၊ မညက်ဘဲကွယ်
ခက်ခဲလိုက်တာ၊ ကူလာပါဦး။

တေးမဖြစ်လို့
စိတ်ညစ်ပြီးထိုင်၊ သီချင်းညည်းမယ်
စည်းဂျပ်သံလွင်၊ ကောက်ယူငင်လိုက်
ရင်မှာပြည့်ညပ်၊ ကျပ်နေတာတွေ
ငွေသံကျော့ရွ၊ မလှ လှအောင်
ဂီတအဖြစ်၊ ကူးပြောင်းဖြစ်ဆဲ
ဆန်းသစ်ကာရန်၊ ပြန်ကာကောက်။

အယောင်လွန်ပြီး
သံအန်ထွက်သွား၊ လန့်တကြားနိုး
မေ့မှာစိုး၍၊ တိုးတိုးတေးဆက်
ဆိုတစ်ဝက်မှာ၊ မေ့လက်ဆုပ်ကိုင်
ဘေးမှာထိုင်တာ မောင်ပါကော။

မောင်က ပြောသည်
“တယောကြိုးသီ၊ ညှိမညီလို့
ဂီတ မဖြစ်၊ ဖြစ်ပြန်ပါလည်း
ကာရန်မလှ၊ စည်းမကျဘူး
မေကဆိုလှဲ့၊ တေးနွဲ့နွဲ့လေး
ဂျပ်နဲ့သံလွင်၊ ကောက်ယူငင်လျက်
ရင်မှာပြည်ညပ်၊ ကျပ်နေတာတွေ
ငွေသံကျော့ရွ၊ မလှ လှအောင်
ဂီတအဖြစ် ပြောင်းပစ်ချင်တယ်” ။      

ကြည်အေး

တာရာမဂ္ဂဇင်း၊ အတွဲ ၃ ၊ အမှတ် ၂၁
ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ


**********************

ထွက်ပြေးချင်တယ်

မိုးလင်းလင်းချင်း
သီချင်းလှိုက်လှိုက်၊ ပန်းငုံကိုက်ဆိတ်
ချိုးသိုက် ဖိုမ၊ ချိုမြအေးလည်း
စိတ်လေးကျပ်ညပ်၊ ရူးချင်တယ်။

မြို့လုံးနေရောင်
အိမ်ခေါင်မိုးတွေ၊ မီးခိုးဝေညစ်
နွေမိုးဆောင်းတိုင်း၊ အိုကိုင်းညွှတ်လာ
ရပ်ရွာလူသူ၊ စကားဆူညံ
အူချာလည်ပြေး၊ အသက်မွေးကြ
ရင်လေးကျပ်ညပ်  ရူးချင်တယ်။

တစ်ညချိန်၌
မီးလုံးငြိမ်းလိုက်၊ ညဥ့်ဦးမိုက်မဲ
ကြယ်လည်းမပွင့်၊ လမမြင့်မှာ
လွတ်ခွင့်ကိုရှာ၊ စိတ်ချမ်းသာခြင်း
မှောင်မှာတွေ့ငြား၊ ထွက်လာမိ။

မှောင်ကြီး မည်းကြီး
မရဲတရဲ၊ တစ်ယောက်တည်းပင်
ဘာလဲမမြင်၊ စမ်းသပ်ဝင်ခဲ့
မြေပြင်သိပ်သည်း၊ မောပန်းလှဲချ
ရွက်ကြဲအောင်ပိတ်၊ သစ်အေးရိပ်၌
အိပ်မက်ကြံမှာ၊ မောင့်ကိုသာတွေး
ဘယ်ခါ လွတ်ပါ့မလဲကွယ်။     

ကြည်အေး

တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၂
ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ


********************** 


ကြွေရွက်ဆင်

ညိုခြေရင့်ကို
လေလွင့်ပတ်ချာ၊ မြေညံ့ပြာထက်
ရွှေဝါတစ်ဝက်၊ စိမ်းရော်ဖက်စပ်
ဆက်တိုက်ပြုတ်ကြွေ၊ စောင်းရွှေရွှေစီ
ရွာစွေသွန်းသည့် ကြွေရွက်မိုး။

ပျော်တပျက်လေ
ကြွေရွက်တစ်လိပ်၊ အသွားစိပ်နှင့်
ညှာထိပ်မခြောက်၊ မြကွက်ပြောက်နှင့်
လက်အောက်ကျလာ၊ အနားမှာမို့
အသာလှမ်းပြီး တိတ်တိတ်ကောက်။

လန့်ဆုတ်မိရဲ့
ညံ့အိစက်စက်
ထိတွေ့လက်၌
သစ်ရွက်ရုပ်ပုံ
အဆစ်စုံလေး
လေကြုံမှာလွန့်
ပြာတကန့်နှင့်
ဝါဖန့်ရော်ရွှေ
ခပ်ပွေပွေရယ်
မေက နီးကပ်
မိုးပြီး ရပ်နေ
ဇာသပ်ပိုးပျော့ ဆင်ထဘီ။     

ကြည်အေး 

တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၃
ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ



********************** 


အတ္တပုံရိပ်လွှာ

ဟင်းလင်းပွင့်မှာ
လေသာတိုးဝှေ့၊ ထိတွေ့နေရ
ပျပျကလေး၊ အဝေးကြီးလား
နီးနီးလားဟု၊ ခွဲခြားမသိ
မြင်မိသည်ကား၊ တလျားခုံးခုံး
အဆုံးမထင်၊ ပြာကောင်းကင်သို့
ငါလျှင်ထီးတည်း၊ တစ်ယောက်တည်းသည်
မညည်းမညူ ထိုင်နေ၏ ။

အဆုံးမရ
အစမထင်၊ အတွေးယာဉ်ကို
ညင်ညင်အလျှော၊ မျောစေမျှော၍
ပေါလောလွှတ်ကာ၊ တွေးတောရာဝယ်
ကမ္ဘာတစ်ဝန်း၊ ထက်အောက်မွှမ်းအောင်
ပတ်ပြွမ်းစုံစေ့၊ ငါမမေ့ဘူး
မကွေ့မထောင့် ရောက်ဘိ၏။

အို . . . အို . . . အို . . .အို
ဘယ်ကိုသွားမလဲ၊ ရေထဲညွန်အောက်
ရေညှိပြောက်လား၊ ငါ ရောက်သွားသေး
ညွတ်ကွေးကော့ကော့၊ ရေစက်လျော့တွဲ
ရွက်ပျော့ မျှင်ကြား၊ ငါ နေနားလိုက်
တွားသွားစမ်းရွံ့၊ တိမ်ဖြူညွန့်ထက်
လွန့်လွန့်ထလက်၊ ရင်ခွင်ထက်မှာ
မှေးစက်အိပ်တာ၊ ငါသာပါပဲ
ဝါ၀ါနှုတ်သီး၊ အမြီးစိမ်းယွန်း
ပျံသန်းငှက်လည်း၊ ငါပါပဲကွယ်
အမြဲ “ငါ” တွေပါကလား။

ဆက်တွေးပါဦး
အပြာအနက်၊ အဖြူစက်၍
စပ်ဖက်တစ်မျိုး၊ တိမ်ခိုးရောင်ဆိုင်း
မှိုင်းမှိုင်းညိုမှာ၊ ငါခိုနားမီ
မြိုင်ကြားပင်ယှက်၊ သရက်သီးဝါ
ရသာချိုမြ၊ လှည့်ရွမ်းစမှာ
ငါပင်ရောက်လေ၊ ကူးလူးနေခဲ့
မောင်ရဲ့ရင်ခွင်၊ ငါပဲဝင်၏
ဘယ်တွင်ရယ်မှ၊ ထွက်လို့ရဘူး
အစမတုံး၊ ငါလုံးလုံးသည်
အဆုံးအစ မရှိသည့်ငါ။

ထို့နောက်တွင်ကား
“သင်” ကို တွေးစမ်း၊ မှန်း၍ကြည့်ရာ
သင်မှာ ငါကို၊ စဉ်းစားလိုတိုင်း
တိုးလျှိုယက်ဖောက်၊ စိတ်ကူးပေါက်ကြည့်
ဘယ်လောက်များများ၊ ပွားသွားပါစေ
တွက်ရေမရ၊ ဆုံးစမရှိ
သင်တွေရှိလည်း၊ ကြွင်းသည်အမြဲ
တစ်ခုတည်းသာ၊ ငါပဲထွင်းဖောက်
ငါတစ်ယောက်မှာ၊ ကျန်ရစ်ပါသည်
ဘယ်ခါမှ ငါမပျောက်ဘူး။

ထိုသဘောကို
ညှိနှောတရား၊ သင်္ချာသားသော်
သင်ကားညီမျှ၊ “ဆုံးစမရှိ”
နှုတ်ဘိတစ်ခု၊ ထိုတစ်ခုကား
ငါဟုပင်လျှင်၊ ငါတွက်မြင်သည်
သင်္ချာကဗျာ လင်္ကာတည်း။     
                                                                   
ကြည်အေး
                                                                    
တာရာမဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ်၂၄
ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ



********************** 


အနုပညာကျွန်း

ရောက်ခဲ့ဖူးတယ်
ယစ်မူးငြိမ့်လျော၊ လှေအမျောမှာ
တယောလဲ့လဲ့၊ တီးတိုးနွဲ့ရင်း
ဆိုဖွဲ့သီချင်း၊ ဖြည်းညှဉ်းညည်းဆို
ဟောဟိုမြေနု၊ သစ်ပင်စုနဲ့
အနုပညာကျွန်းကိုပေါ့။

အဲသည်မှာလေ
စာပေကိုဖတ်၊ ကဗျာစပ်လိုက်
ဆောက်အပ်တွေစု၊ ရုပ်တုထုလိုက်
နုရင့်ရောင်တွဲ၊ ပန်းချီဆွဲလိုက်
ရင်ထဲ ခုတောင်ခုန်သေးတယ်။

နေရစ်တော့နော်
ကြော့ကြော့ကလေး၊ လအေးအေးအောက်
ငှက်တေးသံညင်၊ မြေပေါ်ဖိတ်စဉ်
ရေပြင်ညံ့အိ၊ သစ်နွယ်ငြိချိန်
စိတ်၏အစာ၊ ငတ်ပြတ်ဆာတော့
ပြန်လာလည်ပတ်ပါဦးမယ်။    
 
ကြည်အေး
                                                                    
တာရာမဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ် ၂၇
ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ

                                                                 

********************** 


မိုးနှင့်မြေ

ပြုံးစရာလျှင်
မာနလည်းကြွယ်၊ အလှမယ်က
ထည်ဝါခါးထောက်၊ မာမောက်မောက်နှင့်
စိတ်မြောက်စကား ဆိုသတည်း။
“မောင့်လိုလူကို
ကြည်ဖြူလက်ကမ်း၊ ချစ်ဖို့လမ်းကား
ကွာလှမ်းပလေ၊ မိုးနှင့်မြေ” တဲ့
အခြေတင်းပါလှသတည်း။

ပခုံးတွန့်၍
မြေပြန့်မိုးခြေ၊ ကြည့်မျှော်လေသော်
မြေလည်းအပြာ၊ မိုးလည်းပြာ၍
အပြာချင်းယှက်၊ မိုးကုပ်စက်ဝယ်
စပ်ဆက်မိုးမြေ၊ ထိတွေ့နေသည်
မြေသည် မိုးနှင့် နီးသည်တကား။       

ကြည်အေး
                                                                              
ပဒေသာမဂ္ဂဇင်း၊ မေ၊ ၁၉၄၅
ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ



********************** 


ကဗျာချစ်သ

သံချိုစပ်ပါတဲ့
ကို ထပ်ခါတစ်ရာပြောရှာလည်း
မောရုံရှိမယ် စိုးပါရဲ့
လွန်မိတယ် ရှေ့သာတိုးမယ်မို့
မျက်ရည်မိုးအုံ့ခဲ့ပြီ။

ကဗျာမိုက်ကိုမှ
ကြိုက်လှတယ်၊ အဆိုလောရှာသမို့
မနက်စော သီဝေနေခိုက်
စိတ်လေ လေပစေဦးရယ်နဲ့
တေချင်ပေချင်တဲ့ထုံးစံမို့
တစ်ရယ် နှစ်ရယ် သုံးရယ်ပေါ့
ကာရန်တွေ အလွတ်မရုန်းစေဘု
လေးလုံးစပ် ကဗျာစီ။

ဘယ်သူရိုက်ရင်လည်း
ခေါင်းငိုက်ခံပါ့မယ်ရှင့်
ဘ၀မှာ ဘာကိုတွယ်မလဲ
ကဗျာရယ်စာရယ်ရှိရင်တဲ့
ကျေနပ်မိ ကပျာကသီ
အသာတကြည်ပေါ့ထွက်ပြေး။

မေ့နိုင်ကောင်းပါရဲ့လို့
စိတ်ကိုပြောင်းစဉ်မှ
ငြိမ့်ညောင်းသံချိုနှောပါ ခလှည့်လို့တော့
ငိုမဲ့ချင်အောင် မဖန်နှင့်
ကံချွန်ရင် အံ့ဖွယ်ခန်းပါတဲ့
အလှမ်းတကယ် ဟာမှ
လမသာ၊ ညကြီးမင်းကြီးပေါ့
ထပြီး ထိုင်ပွေနေမရှင့်
အိပ်ရာတွေ တွန့်ကြေလိပ်ခါမှ
ငိုတိတ်မယ်လေး။      

ကြည်အေး
                                                                              
သွေးသောက်မဂ္ဂဇင်း၊ ဇွန်၊ ၁၉၅၃
ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ

                                                                           

********************** 


ခွင်လွှတ်တတ်တယ်


အပြုံးမဆင်မသီနဲ့
တည်ကြည်လို့ နေတယ်ဆိုရင်
သိမ်မွေ့ရှာသူကလေး
ချစ်ရေးနှမအထွေးမို့
အေးလှတယ်ထင်။

လေပွေလို မွှေ့သရမ်းနဲ့
မောင့်နှုတ်ခမ်းပူပင်
သူမွှေးရွှင်ရင်တော့။

သြော် . . . သဘောဖြူရှာငဲ့
ရှက်စရာအကုန်မေ့လို့
အ ကလေးပမာကွဲ့
ချစ်ရှာပလေပေါ့။       

ကြည်အေး
                                                                   
ရှုမ၀မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၅၅ (“ဖုန်းသက်တိုင်” ၀တ္ထုမှ)


**********************                                                                 


မျှော်လင့်ခြင်း


ပြတင်းဝမှ
ညနေငှက်ပြာ၊ မောင်နှံလာပြီး
ယှက်ဖြာလွန့်လူး၊ ထင်းရှူးရွက်ကြား
စကားတီးတိုး၊ ပြောမပြီးဘူး
နှုတ်သီးတေ့ဆက်၊ လည်ချင်းယှက်ဆဲ
တစ်ရက် တစ်ရက်၊လှည့်စားရက်ခဲ့
ချစ်သက်ကျွမ်းဝင်၊ နေလိုက်ချင်လည်း
သခင်နှမ၊ နှင်းဆီမြပွင့်
အလှပျက်မည်၊ စိုးနှောင့်သည်ကြောင့်
နှုတ်ခြည်မလွန်၊ မောင့်တာဝန်ပင်
မပန်ဆင်ရက်၊ မတပ်မက်ရဲ
သစ်ရွက်ကြွေတော၊ အင်းလျားကြော၌
မမောပန်းသော၊ ရေပြင်လျှောစီး
လှေမျောတက်မဲ့၊ လည်ချင်းနွဲ့မီ
တစ်လှည့်စီမွှေး၊ လည်ချင်းထွေးဆုပ်
ငှက်တေးချိုပြား၊ ပန်စကားကို
ပြောကြားမဆုံး၊ နှစ်ယောက်လုံးပဲ
အပြုံးလှယ်ကြ၊ ရယ်မောကြနှင့်
တစ်ဘ၀မျှ နေချင်သည်။       

ကြည်အေး
                                                                              
ရှုမ၀မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၇၀
                                                                            
                                                                            

********************** 



ဟန်ဆောင်သူများ

သည်ဘက်စွန်း၌
နစ်မွန်းပျော်ပါး၊ ငါ ၀ံ့စားစွ
လင်သားအိမ်ထောင်၊ ကျပ်တည်းနှောင်လည်း
ဟန်ဆောင်နှုတ်မှ
ဗုဒ္ဓ၏လမ်း၊ လွတ်မြောက်နန်းသို့
ဖြတ်သန်းလိုပါ၊ တစာစာလျှင်
မုသာဝါဒ၊ စကားမဆိုချင်။

ဟိုဘက်စွန်းသို့
ပြတ်ရွှန်းလှမ်းခို၊ သွားရောက်လိုဟန်
ခိုတွယ်အားထား၊ ဘုရား တရား
စကားမျှပင်၊ ကျင်လည်သည်မှာ
လူ့ဘာသာမှ၊ တစ်ဝါရှောင်ရုံ
တစ်ချုံကွယ်လျှိုး၊ သစ်ဝါးတိုးဟန်
ပြန်လာခေါက်ခေါက်၊ ဟိုသည်နှောက်၏
လွတ်မြောက်တကယ်၊ စွန့်ပယ်ဝံ့သူ
သည်မူ မဟုတ်နိုင်တကား။

ငါစွန့်ခွာလျှင်
ပြန်မလာတတ်၊ ကင်းရှင်းပြတ်အံ့
အို . . . သူမြတ်တို့
မလွတ်မြောက်ခင်
ခုံမင်မြူးကြွ၊ လူ့ဘ၀နှင့်
ခဏမြင်ဖူး၊ အသိထူးပြား
ကူးလူးချင်၍
ရှင်သန်ပါရမီ၊ ဖြည့်တင်းသည်ဟု
ယုံကြည်လိုက၊ ယုံကြည်ကြစေ
အရိယဟု၊ အတ္တပြတ်ဟန်
ကြောက်ဖွယ်ဖန်လာ
မာန်မာနသာ၊ ကင်းပစေရှင့်။  
                                                                  
ကြည်အေး
                                                                   
ရှုမ၀မဂ္ဂဇင်း၊ ဇူလိုင် ၊ ၁၉၇၁ 
ကြည်အေး၏ ကဗျာပေါင်းချုပ်စာအုပ်မှ

Wednesday, December 7, 2011

ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများ

(Daw Khin Kyi) elder son Aung San Oo and Aung San Suu Kyi
Aung San Suu Kyi, (Daw Khin Kyi), Aung San Oo,(U Aung San) and (Aung San Lynn)
Daw Aung San Suu Kyi’s Burmese passport, issued in New York on 9 December 1970. She refused to get a British passport - though she was entitled to one, being married to the British academic Michael Aris. It was, and still is, illegal in Burma to have dual nationality
Daw Aung San Suu Kyi at her wedding reception, following a Buddhist blessing at a family friend’s London home.
New Year’s Day 1972, Chelsea registry office in London. Daw Aung San Suu Kyi and Michael Aris marry, aged 26 and 25 respectively.
Daw Aung San Suu Kyi’s mother, Daw Khin Kyi, meets her grandson Alexander for the first time on a family visit to Rangoon. Michael Aris stands at the back, 1974
A family picnic in Grantown-on-Spey. Daw Aung San Suu Kyi with her husband (with beard) and two sons, Alexander and Kim. The woman in the back wearing the headscarf is Mathané Fend, a famous pre-war singer who was Daw Aung San Suu Kyi's most trusted friend and confidante, her 'emergency aunt'
1980 on the lawn of her father-in-law’s house in Grantown-on-Spey, Scotland, Daw Aung San Suu Kyi plays with her two sons, Alexander (in the braces) and Kim
From 1973 to 1988, Daw Aung San Suu Kyi devoted her time and energy to motherhood in Oxford where her husband was an academic
Daw Aung San Suu Kyi on the snowy slopes of a mountain in Bhutan in 1971. Further up the hill, at Taktsang temple, Michael had proposed to her.
The future Nobel laureate riding a mule up a mountain in Bhutan, 1971.
Having a barbecue on a family holiday to the Norfolk Broads in the early 1980s