Friday, September 16, 2011






ဖိုးမောင်လာပြီ
 
မှိုင်းညို့  ညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ် အနား၊ ရွာတံခါးမှ
ဂုတ်ကျား ကျယ်လောင်၊ ဆီးကြို ဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။
ဖိုးမောင် သံ့ကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း၊ ၀ဲ တက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။
တစ္ဆေမကြောက်၊ မြွေမကြောက်ပဲ
တယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌
သူလျှင် ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့ 
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။
ဆောင်းတည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်က အော်၊ တောက်တဲ့ ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန် ပါတကား။
သို့ ဖြစ်သော်ငြား၊ ခါတပါးသို့ 
တံခါးဝင်လို၊ သူမဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဒမြ ငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်း ဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။
ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျှက်ပါတည့်
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့ 
မှိုင်းညို့  ညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျား ကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။      ။
                                         ဆရာကြီးမင်းသုဝဏ် (၁၉၆၂)      


တို့ မလေး
  
အိမ်ခေါင်မိုးမှာ၊ သူထိုးလာသည်
ပေလွှာစာချပ်၊ အဝေးရပ်က
ဆံဖြတ်မောင် ရေး၊ အလွမ်းတေးကို
မလေး ဖတ်နိုင်ခဲဖူးပြီ။
ရွှေဝသို့ သွား၊ ချစ်သူအားလျှင်
မှာကြားပို့ လေ၊ လွမ်းစာခွေဟု
မပြေမလှ၊ နွဲ့ လျလျနှင့်
မိန်းမလက်ရေး၊ ငယ်သေးသေးကို
မလေး ခြစ်နိုင်ခဲဖူးပြီ။
သို့ ပင်ဖြစ်လည်း
ချစ်သူနှင့်ဝေး၊ တို့ မလေးကား
ရေးလည်းမတက်၊ ဖတ်မတက်နှင့်
စာငတ် ပေငတ်၊ အသိငတ်သည်
မတ်တတ်ခြောက်သည့် သစ်ပင်လို။
ကံ ထောက်မ၍၊ ဤယနေ့ မူ
နွေငွေ့ လျှပ်လျှပ်၊ ပူစပ်စပ်တွင်
ထန်းပလပ်ရိပ်၊ တမာရိပ်၌
ချစ်ရိပ်ခိုဝင်၊ စာကိုသင်သော်
မပင်မပန်း၊ အမြင်ဆန်းသည်
မျက်ကန်းမလေး မြင်လေပြီ။     ။ 
                                             ဆရာကြီးမင်းသုဝဏ် (၁၉၇၁)
     

ဧည့်သည်တော်
 
နေရောင်ချည်ထိုး၊ လုပ်ငန်းပျိုးခိုက်
မိုးတိုးမတ်တတ်၊ သူလာရပ်၍
စပ်မိစပ်ရာ၊ ပြောပြီးခါလျှင်
နှုတ်မျှမဆက်၊ သူခွာထွက်ခဲ့။
အလုပ်ပါးမှ၊ သတိရလျက်
ရွာမရှေ့ နောက်၊ ရွာတောင်မြောက်ကို
အိမ်ပေါက်အစေ့၊ ထွက်ဝင်၍လျှင်
တွေ့ လို့ တွေ့ ငြား၊ ငါရှာသွားသည်
ကြိုကြားမကြွင်း၊ ရောက်တုံလျှင်းခဲ့။
ထန်းဖျားသာသာ၊ ဈေးစည်ခါမို့ 
တွေ့ ပါလိမ့်နိုး၊ မျှော်ခေါ်ကိုးလျှက်
တိုးကာဝှေ့ ကာ၊ လှည့်လည်ရှာလည်း
ဈေးသာကွဲ၍ ၊ ရှာမတွေ့ ခဲ့။
လှည်းဆိပ် လှေဆိပ်၊ ပညောင်ရိပ်နှင့်
ရွာထိပ်နတ်စင်၊ ရေအိုးစင်က
ရွာဝင်တံခါး၊ မုန့် ဖိုများလည်း
တပါးမလပ်၊ ခြေရာထပ်ခဲ့။
မြင်ယောင်လျှက်သာ၊ သူ့ မျက်နှာတည့်
ကြားပါလျှက်ပင်၊ သူ့ သံလွင်တည့်
သို့ လျှင်တစေ၊ ငါရှာဖွေလည်း
အမွေအစ၊ မတွေ့ ရပဲ
ချမ်းမြနေချည်၊ နောက်သို့ လည်ခဲ့။
မိုးသောက်ထလျှင်၊ လုပ်ငန်းခွင်၌
ငါလျှင်စူးစိုက်၊ လုပ်ဆောင်ခိုက်ကို
စိုက်စိုက်ဝင်ကာ၊ ရောက်ပြန်လာ၍
ထွေရာလေးပါး၊ သူပြောကြားလျှက်
ထွက်သွားပြန်သည်၊ ၀င်းနေခြည်သို့ ။
သူ၏သဘော၊ သူ့ အကြောကို
သိသောခုခါ၊ အိမ်ဦးမှာ၌
ကွမ်းယာအသင့်၊ ဖျာအသင့်နှင့်
စောင့်လင့်ကြိုတင်၊ ငါပြင်ဆင်သည်
လာလျှင် ပြန်သွားဦးတော့မည်
နေခြည်ထဲက ကိုဧည့်သည်။
သွားလျှင် ပြန်လိမ့်ဦးမည်
နေခြည်ထဲက ကိုဧည့်သည်။      ။
                                     ဆရာကြီးမင်းသုဝဏ် (၁၉၆၀)



နှင်းဆီပွင့်
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့ 
မောင်ခူးကာပေး။
မနက်ကုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ ဆံပင် နှင်းဆီပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး။     ။
                                     ဆရာကြီးမင်းသုဝဏ် (၁၉၃၂) 

ခေတ်ပညာ

ဘေးဘိုးစဉ်လာ၊ ကိုင်းလယ်ယာနှင့်၊
ဘာသာစရိုက်၊ မပျော်ပိုက်ဘဲ၊

ခေတ်လိုက်ပညာ၊ ဆည်းပူးရာဝယ်၊
အာသာမ၀၊ တောင့်တတနှင့်၊
ဒုက္ခမျှပေါ်၊ စိတ်မပျော်သည်၊
ကျွန်တော်မှားသည်-ဆိုအံ့သော။    ။

အများနည်းတူ၊ သားရွှေအူသည်၊
မဲဖြူခွဲဝေ၊ သိတို့စေဟု၊
ရှာလေပညာ၊ လွှတ်လေရာတွင်၊
ပညာတော်သင့်၊ ရပေမင့်လည်း ၊
ပင်မြင့်မငလာ၊ မလှမ်းသာ၍၊
စိတ်မှာဗျာဝေ၊ ငြိုးလျချေသည်၊
မွေးမေမှားသည်-ဆိုအံ့လော။     ။

ရွှေအိုးပညာ၊ ပိုင်လေပါမှ၊
ချမ်းသာကြွယ်ဝ၊ သက်လုံးလှဟု၊
မွေးဖလွတ်လေ၊ ပညာဖွေသည်၊
မပြေချင်ရဲ၊ ပညာကဲ၍၊
ရှေးနဲ့မတူ၊ မြင့်ကိုချူသော်
တံချူတိုလှ၊ ဆင်းရဲရသည်၊
မွေးဘမှားသည်-ဆိုအံ့လော။     ။
                                                    (ဆရာကြီး မင်းသုဝဏ်)


မေတ္တာ

မွေးမေ မွေးမေ၊ ရှုပါလေလော့၊
ဖြာဝေမြနန်း၊ ရွှင်ပြုံးလန်းသည်၊
ဒင်းပန်ခိုင်နွဲ့-ကြူကြူသင်း။     ။

ရှုလေရှုလေ၊ ချစ်ကြိုးခွေသည်၊
မသွေလိုဘူး၊ ပန်းများမှုးကို၊
ကျွန်ခူးချင်တော့၊ ဖြူဖြူဝင်း။     ။

ရှိစေရှိစေ၊ ကျွန်စိတ်ဖြေအံ့၊
ရဝေနန်းမ၊ တော်ကောက်ကလျှင်၊
ဧမြချမ်းကြည်၊ ခံရမည်ကို၊
မြင်သည်၊ ထိုကြောင့်-ငြူစူကင်း။     ။   
                                                                       (ဆရာကြီး မင်းသုဝဏ်)




ချိုပြုံး

ဖြူဖြူပြာပြာ၊
ပြုံးလျက်သာသည်၊
မျက်နှာငွေလ၀န်းနှယ်တကား။     ။

မူမူရာရာ၊
သူ့ဟန်မှာလျှင်၊
ညခါလေပြည်ညှင်းနှယ်တကား။     ။

ပျူပျူငှါငှါ၊
နှုတ်ချိုသာသည်၊
စမ်းမှာရေစီးသံနှယ်တကား။     ။  
                                               (ဆရာကြီး မင်းသုဝဏ်)

မူရင်းစာသားအတိုင်းပြန်လည်ဖော်ပြထားပါတယ်

No comments:

Post a Comment